Showing posts with label သတင်းများ. Show all posts
Showing posts with label သတင်းများ. Show all posts

Sunday, June 21, 2009

ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်မြောက် မွေးနေ့ပွဲ အယ်လ်အေတွင် ကျင်းပ












မြန်မာပြည်သူလူထု အားလုံး၏ လူထုခေါင်းဆောင် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၀၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၆၄ နှစ်မြောက် မွေးနေ့ အတွက် အထိမ်း အမှတ်ပြု ဆုတောင်းသည့် အနေဖြင့် မွေးနေ့ အခမ်းအနား တခုကို La Puente မြို့ 710 S Grandview Lane ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း၌ LA Organizers 4 Burma အဖွဲ့က ဦးစီးကာ ၂၀၀၉ ခုနှစ် ဇွန်လ ၂၁ ရက် တနင်္ဂနွေနေ့တွင် မနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ ပါသည်။










အဆိုပါ အခမ်းအနားကို LA နှင့် အနီးတ၀ိုက်ရှိ မြို့များမှ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ကြည်ညို လေးစားကြသော မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ၄င်းတို့၏ မိသားစုဝင်များ အတူတကွ လာရောက်ကာ ဆုမွန်ကောင်းများ တောင်းခဲ့ကြသည်။ ထို့အပြင် ဆန်ဖရန်စစ္စကို Bay Area မှ မြန်မာ့အရေး တက်ကြွစွာ လှုပ်ရှားနေကြသူများကလည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

























အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်း တရားနာခြင်းနှင့် စတင်ခဲ့ ပါသည်။ ဆုတောင်း တရားနာ အပြီးတွင် LA Organizers 4 Burma မိသားစုဝင်များနှင့် အခြား အလှူရှင်များက အခမ်းအနားသို့ တက်ရောက်လာသူများကို နေ့လည်စာဖြင့် ဧည့်ခံခဲ့ပါသည်။



























နေ့လည်စာ စားအပြီးတွင် ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့ ကိတ်ကို ခွဲခဲ့ပြီး မွေးနေ့ သီချင်းကို တက်ရောက်လာသူများ အားလုံးက အတူတကွ သီဆိုခဲ့ကြ ပါသည်။

ထို့နောက် နိုင်ငံတော် သီချင်းကို အတူတကွ သီဆိုကြပြီး ဒီမိုကရေစီ တိုက်ပွဲစဉ် တလျောက် လုံးတွင် အသက် စွန့်လှူ သွားခဲ့ကြသော ရဟန်း ရှင်လူ အာဇာနည် ပြည်သူ အပေါင်းအား ဦးညွတ် အလေးပြုသည့် အနေဖြင့် တမိနစ် ငြိမ်သက် ခဲ့ကြပါသည်။

ထို့နောက် မွေးနေ့အခမ်းအနားသို့ ဆန်ဖရန်စစ္စကို Bay Area မှ ရောက်ရှိ တက်ရောက်လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ဗဟိုမှ ကိုပန်းသီးအား၎င်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဒီပဲယင်း ခရီးစဉ်တွင် အနီးကပ် လုံခြုံရေး တာဝန်ယူခဲ့သူ ကိုတိုးလွင်အား၎င်း LA Organizers 4 Burma အဖွဲ့မှ ကိုကျော်ဌေးဦးက အခမ်းအနားသို့ တက်ရောက် လာသူများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ် တာဝန်ထမ်းဆောင်ခဲ့သော ကိုပန်းသီးက ဒေါ်အောင်ဆန်း စုကြည်နှင့် ပတ်သက်ပြီး သူတွေ့ကြုံခဲ့ရသော လေးစားအားကျဖွယ်ရာ၊ အတုယူဖွယ်ရာ အချက်များကို ကိုယ်တွေ့ အဖြစ်အပျက်များနှင့် ရှင်းလင်း ပြောပြခဲ့ပါသည်။













ထို့နောက် ဒေါ်အောင်ဆန်းစုကြည်၏ ဒီပဲယင်း ခရီးစဉ်တွင် အနီးကပ် လုံခြုံရေး တာဝန်ယူခဲ့ရသူ ကိုတိုးလွင်က ဒီပဲယင်း အနီး ကျီရွာတွင် အသက် အန္တရာယ် ကျရောက်နိုင်သည့် အခြေအနေကို ရှိနေမှန်းသိလျက်နှင့် မိမိ၏ အသက်ကို မငဲ့ပဲ ရှေ့ဆက် ထွက်ခွာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ရဲရင့်မှုနှင့် ပြတ်သားမှုတို့ကို အခမ်းအနားသို့ တက်ရောက်လာသူများကို ရှင်းလင်း ပြောပြခဲ့ပါသည်။













ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ကိုပန်းသီးနှင့် ကိုတိုးလွင်တို့၏ ၄င်းတို့ ကြုံတွေ့ သိမြင်ခဲ့ရသော အတွေ့အကြုံများကို ရှင်းလင်း ပြောဆိုမှု ပြီးသည့်အခါ တက်ရောက် လာသော ဧည့်ပရိတ်သတ်များထဲမှ ဒေါက်တာအောင်ခင်က ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြု ကဗျာ တပုဒ်ကို ရွတ်ဆိုခဲ့ပါသည်။













ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အမေးအဖြေ ကဏ္ဍကို စတင်ခဲ့ ပါသည်။ ပရိတ်သတ်များက သိရှိလိုသည့် မေးခွန်းများကို တဦးချင်း မေးမြန်းခဲ့ ကြပြီး ကိုပန်းသီးနှင့် ကိုတိုးလွင်တို့က မေးခွန်းများကို တလှည့်စီ ပြန်လည် ဖြေကြားသွားခဲ့ပါသည်။

ထို့အတူ ၁၉၆၆ ခုနှစ်က ရှေ့နေတဦး ဖြစ်ခဲ့ဖူးသူ ဦးဖရန့်သောင်းဦးက တရား စီရင်ရေးနှင့် ပတ်သက်သည့် ကိုယ်တွေ့များအား၎င်း၊













ဒေါ်စောမြတ်မာက ၁၉၈၉ ခုနှစ် အာဇာနည်နေ့ အခမ်းအနားတွင် လူပေါင်းများစွာ၏ အသက်များကို ကယ်တင်ရန် ကြိုးစားခဲ့သည့် ဒေါ်အေင်ဆန်းစုကြည်၏ လုပ်ဆောင်ချက် များကို၎င်း ရှင်းလင်း ပြောကြားခဲ့ကြပါသည်။













ထို့နောက် အချုပ်အနှောင် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်ရေးကို ရည်ရွယ်ပြီး မိုးပျံပူဖေါင်း ၆၄ လုံးကို အခမ်းအနား တက်ရောက် လာသူများက စုပေါင်း လွှတ်တင်ခဲ့ကြပါသည်။



























ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ အခမ်းအနားကို နေ့လည် ၂ နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။





















Photo Credit: Maung Myo Naing

Monday, June 8, 2009

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြပွဲ အယ်လ်အေတွင် ပြုလုပ်













နအဖ စစ်အုပ်စုက အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခြင်းကို တရားမဲ့ ခံခဲ့ရပြီး ယခု ၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ့ တွင် အကျယ်ချုပ်မှ လွှတ်ပေးရမည့် အစား နေအိမ်မှ အင်းစိန် ထောင်သို့ ပို့ဆောင်ခြင်း ခံရကာ တဖက် သပ် တရားစွဲဆိုခြင်း ခံနေရ သည့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရည်ရွယ်သော ဆန္ဒပြပွဲတရပ်ကို LA Organizers 4 Burma အဖွဲ့က ဦးဆောင်ကာ ၂၀၀၉ ခုနှစ် ဇွန်လ ၇ ရက် နေ့တွင် လော့စ်အိန်ဂျယ်လိစ်မြို့၏ ကမ္ဘာကျော် ဟောလိဝုဒ်လမ်း (Hollywood Boulevard) ပေါ်ရှိ Kodak Theater ရှေ့ တွင် ညနေ ၄ နာရီမှ ၆ နာရီ အထိ ၂ နာရီ ကြာ ပြုလုပ်ခဲ့သည်။ ထို ဆန္ဒပြပွဲသို့ အယ်လ်အေနှင့် အနီးအနားရှိ မြို့များမှ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ၄င်းတို့၏ မိသားစုဝင်များ အတူတကွ လာရောက် စုရုံးကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တက်တက်ကြွကြွ တောင်းဆို ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် မြန်မာ့အရေးကို စိတ်ဝင်စားသော အမေရိကန် နိုင်ငံသားများ ကလည်း ပါဝင်ပူးပေါင်း ဆန္ဒပြခဲ့ကြသည်။
















Sunday, May 31, 2009

ဒေါ်အောင်ဆန်းစုကြည်အတွက် ဘာသာပေါင်းစုံဆုတောင်းပွဲ

နအဖ စစ်အုပ်စုက အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခြင်းကို တရားမဲ့ ခံခဲ့ရပြီး ယခု ၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ့ တွင် အကျယ်ချုပ်မှလွှတ်ပေးရမည့် အစား နေအိမ်မှ အင်းစိန် ထောင်သို့ ပို့ဆောင်ခြင်း ခံရကာ တဘက်သပ် တရားစွဲဆိုခြင်း ခံနေရ သည့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဘာသာ ပေါင်းစုံ ဆုတောင်း မေတ္တာ ပို့ပွဲ တရပ်ကို LA Organizers 4 Burma အဖွဲ့က ဦးစီးကာ La Puente မြို့ 710 S Grandview Lane ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း တွင် ၂၀၀၉ ခုနှစ် မေလ ၃၁ ရက် တနင်္ဂနွေနေ့က ညနေ ၆ နာရီမှ ၉ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်ရှိ LA နှင့် အနီး တ၀ိုက်ရှိ မြို့များမှ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် လေးစား ကြသော ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ အစ ရှိသည့် ဘာသာဝင်ပေါင်းစုံ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ၄င်းတို့၏ မိသားစုဝင်များ လာရောက် စုရုံးကာ အတူတကွ ဆုတောင်း မေတ္တာပို့သခဲ့ကြသည်။














ဒီမိုကရေစီရရှိရေးတိုက်ပွဲစဉ် တလျှောက်လုံးတွင် အသက်ပေးလှူခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည်အပေါင်းအား တမိနစ် ငြိမ်သက်ခြင်းဖြင့် ဦးညွှတ် အလေး ပြုကာ အခမ်းအနားကို စတင်ခဲ့ပြီး LA Organizers 4 Burma အဖွဲ့၏ ဦးဆောင်သူ တဦး ဖြစ်သည့် ကိုပြေငြိမ်းက ကျေးဇူးတင် စကားနှင့် အမှာ စကား ပြောကြားခဲ့သည်။














ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်က ဗုဒ္ဓဘာသာထုံးစံအရ ငါးပါး သီလ ပေးပြီးနောက် ဒေါ်ဆောင်ဆန်းစုကြည် အပါအ၀င် မြန်မာပြည်သူပြည်သား တရပ်လုံး ဘေး အန္တရာယ် ကင်းရှင်းစေရေး အတွက် မေတ္တာသုတ်လာ မေတ္တာပွားနည်း (၁၁) နည်းကို သုံးကြိမ် စုပေါင်း ရွတ်ဆိုကြပြီး ဆုတောင်းကြသည်။ ထို့နောက် အစ္စလာမ်ဘာသာ ထုံးစံအရ ဆုတောင်းခြင်းကို ဆရာ ဟာဂျီဇော်မင်းထွန်းက ဦးဆောင် ဆုတောင်းခဲ့ပြီး ခရစ်ယာန်ဘာသာ ထုံးစံအရ သိက္ခာတော်ရဆရာ ဦးသန်းဦးက သမ္မာကျမ်းစာလာ ကျမ်းချက်အချို့ကို ဖတ် ကြားပြီး ဆုတောင်းခဲ့သည်။ ဆုတောင်းခြင်းများ ပြီးဆုံးသည့်အခါ ဒေါ်အောင်ဆန်းစုကြည် အတွက် “မသဒ္ဒါ” ရေးသားခဲ့သည့် “ကျမ ပြစ်မှု မကျူးလွန်ဘူး” ဟူသည့် ကဗျာကို မလေးနိုင်အိက ခံစားချက်အပြည့်ဖြင့် ရွတ်ဆိုသွားခဲ့သည်။ ထို့နောက် LA Organizers 4 Burma အဖွဲ့၏ ဦးဆောင်သူတဦးဖြစ်သည့် ကိုသူရထွန်းမော်က ကျေးဇူးတင် စကား ပြောကြားခဲ့သည်။














စုပေါင်းဆုတောင်းနေကြစဉ်














ဆုတောင်းပွဲသို့ တက်ရောက်လာကြသူများ














Photo Credit: Maung Myo Naing

Friday, August 8, 2008

အယ်လ်အေ ၈-၈-၈၈ အောက်မေ့ဖွယ် အခမ်းအနား











၈ လေးလုံး အနှစ် ၂၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို အယ်အေမြို့ ရှိ လပွန်းတီဘုန်းကြီးကျောင်း၌ သြဂုတ်လ ၃ ရက် (တနင်္ဂနွေနေ့ ) တွင် မနက် ၁၀ နာရီမှ နေ့ လည် ၂ နာရီထိ ကျင်းပခဲ့ရာ လူပေါင်း ၅၀၀ ခန့် စည်ကားစွာ တက်ရောက် ခဲ့ကြသည်။ လွန်ခဲ့သောအနှစ် ၂၀ ကြာက ၈လေးလုံးအရေးတော်ပုံအတွင်းမှာ ကျဆုံးသွားသောသူများကို ရည်စူး၍ ဘုန်း တော်ကြီး ၄ ပါးကို ဆွမ်းကပ်လှူဒန်းခဲ့ရာ ဘုန်းတော်ကြီးများက သေဆုံးသွားသူများကို ရည်စူး၍ ဆုတောင်း အမျှပေးဝေ ခဲ့ သည်။ ထို့ နောက် ဧည့်ပရိတ်သတ်များအား မုန့် ဟင်းခါးဖြင့် ဧည့်ခံ ကျွေးမွေးခဲ့သည်။ အခမ်းအနား၌ United Arts Students အုပ်စုက ၈ လေးလုံး statement ဖတ်ကြားခြင်း၊ NLD အင်္ဂပူ လွှတ်တော် ကိုယ်စားလှယ် ဦးမြ၀င်းက အမှတ် တရ စကားပြောကြားခြင်း၊ စစ်ကိုင်းအရေးအခင်းနှင့်ပတ်သက်၍ ကိုခင်မောင်ရွှေက ပြန်ပြောင်းပြောပြခြင်းများ ပြုလုပ်ခဲ့ကြသည်။ တက်ရောက်လာသောပရိတ်သတ်များကလည်း ရန်ပုံငွေအဖြစ်ရောင်းချသော အမှတ်တရ ပစ္စည်းများဖြစ်သော ၈ လေးလုံး ကော်ဖီခွက်၊ ကား လိုင်စင် ပလိပ် cover ၊ တီရှပ်နှင့်ဓါတ်ပုံများကို ၀ယ်ယူအားပေးခဲ့ကြသည်။


အခမ်းအနားကို အယ်အေရှိ မြန်မာ့အရေးတက်ကြွသူများဖြင့် ဖွဲ့ စည်းထားသော LA Organizers အဖွဲ့ က ကြီးမှူး ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး အခမ်းအနားကို ရည်ရွယ်ချက် ၂ ခုဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ပထမရည်ရွယ်ချက်မှာ ၈ လေးလုံး အရေးအခင်းနှင့် ဒီမိုကရေစီတိုက်ပွဲများအတွင်း ကျဆုံးသွားသူများကို ကောင်းရာမွန်ရာရောက်စေရန်အတွက် ဆွမ်းကျွေးအမျှဝေ ဆုတောင်းပေးခြင်းဖြစ်ပြီး ဒုတိယရည်ရွယ်ချက်မှာ ဖိနှိပ်မှုများကြားက ယခုထိ ဆက်လက်၍ တိုက်ပွဲဝင် နေကြသော မြန်မာပြည်သူများကို လေးစားဂုဏ်ပြုသည့်အနေဖြင့် ဒီအောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပခြင်းဖြစ် ကြောင်း LA Organizers အဖွဲ့ က ပြောပြသည်။ အခမ်းအနားတက်ရောက်သူအများစုမှာ ၈လေးလုံး အရေးအခင်း၌ မြန်မာ နိုင်ငံတွင်ရှိနေသူများဖြစ်ပြီး အရေးအခင်းအတွင်းကဖြစ်ပျက်ခဲ့သည်များကို အချင်းချင်းပြန်ပြောင်း ပြောပြခြင်း၊ လက်ရှိ မြန်မာနိုင်ငံအရေးကို အပြန်အလှန် ဆွေးနွေးခြင်းများကြောင့် အခမ်းအနားမှာ ပို၍ အသက်ဝင် စည်ကားခဲ့ကြောင်း သိရပါ သည်။

Sunday, October 21, 2007











အောက်တိုဘာ ၂၀၊ Santa Monica


အယ်အေမှာ အခုဆိုရင် စနေနေ့ ညနေခင်းအပတ်တိုင်းလိုလိုမှာ ဆန္ဒပြပွဲတွေကို ကျင်းပနေပါတယ်။ ဒီတပတ်ရဲ့ အပတ်စဉ် အလှည့်ကျနေရာကတော့ Santa Monica မြို့ ရဲ့လူအစည်ကားဆုံးနေရာတခု ဖြစ်တဲ့ 3rd St. ပဲဖြစ်ပါ တယ်။ အဲဒီ့နေရာရဲ့ထူးခြားချက်က အမေရိကန်နိုင်ငံသားများအပြင် ကမ္ဘာလှည့် ခရီးသွားများ အများအပြား လာ ရောက်လည်ပတ်တဲ့နေရာလည်းဖြစ်ပါတယ်။ လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသားလူငယ်များ၊ အဖွဲ့  အစည်းအသီးသီးမှ တက်ကြွလူငယ်များ၊ အယ်အေရဲ့ မျိုးချစ်မြန်မာများနှင့် အခန်းအနားကို ကြီးမှူးကျင်းပတဲ့ Team LA Organizers များ အပါအ၀င် စုစုပေါင်းလူ ၂၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲရဲ့ထူးခြားချက် ကတော့ အခြားအရင်ပွဲတွေမှာ မလုပ်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံအကြောင်း အသိပညာပေးကဏ္ဏပဲဖြစ်ပါတယ်။ မြန်မာ ပြည်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို လမ်းသွားလမ်းလာများအားဝေငှခဲ့ပြီး သူတို့ ကလည်း စိတ်ဝင်တ စား ပိုစတာနဲ့ ဓါတ်ပုံများကို ကြည့်ရှုခဲ့ကြသည့်အပြင် အိပ်ဖွင့်ပေးစာများကိုလည်း လက်မှတ်ရေးထိုးသွားခဲ့ကြပုံ ကတော့ ဒီပွဲရဲ့ အဓိက အောင်မြင်မှုဖြစ်ပါတယ်။

ဖိနှိပ်ချိမ်းချောက်မှုတွေကြောင့် မြန်မာပြည်တွင်းက လူထုရဲ့ရင်ထဲမှာဆန္ဒများရှိနေပေမယ့် ဆန္ဒပြလို့ မရတဲ့ အခြေအနေမှာ... လွတ်လပ်တဲ့ အဝေးရောက်မြန်မာများက သူတို့ ရဲ့အားလပ်ရက်နေ့ မှာ အနားမယူပဲ အခုလို လာရောက်ပူးပေါင်းကြလို့ ဆန္ဒပြပွဲများ တဖြေးဖြေးအရှိန်ရလာကြောင်း စီစဉ်သူများက ပြောဆိုခဲ့ပါတယ်။ မြန်မာ့ နိုင်ငံရေး အခုလို အရေးကြီးနေချိန်မှာ သွေးအေးပြီးမနေစေလိုပဲ မြန်မာပြည်တွင်းက လူထုကို ထောက်ခံ အားပေးတာကတကြောင်း၊ အယ်အေမှာရှိတဲ့ နိုင်ငံအရေးစိတ်ဝင်စားတဲ့ အဖွဲ့ အစည်းများ၊ တသီးပုဂ္ဂိလသမား များ စုဝေးလှုတ်ရှားရာ ကျတာကလည်းတကြောင်းမို့ အခုလိုပွဲများကို အပတ်စဉ်စီစဉ်နေတာဖြစ်ကြောင်း LA Organizers များက ရှင်းပြပါတယ်။ အခန်းအနားကို “သားသုံးသား” သီချင်းသီဆိုကာ အောင်မြင်စွာ ပြီးဆုံး စေ ခဲ့ပါတယ်။

Sunday, October 7, 2007











အောက်တိုဘာ ၆၊ ၂၀၀၇

ဟော်လီးဝုဒ်၏ လူအစည်ကားဆုံးနေရာ တနေရာဖြစ်သော ကိုဒက်သီရေတာအရှေ့ တွင် လူသံ၊ ကားသံများ ညနေ ၃ နာရီခန့် မှ စတင်၍ ထူးခြားစွာ ဆူညံနေပါတယ်။ တကယ်တော့ ဒီအသံများဟာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေသော ဖိနှိပ်ရက်စက်သတ်ဖျက်မှု၊ မတရားဖမ်းဆီးမှုများကို ကန့် ကွက်ဆန္ဒပြနေသောသူများ ၏ ကြွေးကျော်သံများနှင့်ယင်းတို့ ကိုထောက်ခံသော ခရီးသွားများက ဟွန်းတီးပေးနေသော အသံများဖြစ် ပါတယ်။ တချိန်တည်းမှာပဲ အေးချမ်းစွာထိုင်ရင်း မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဖယောင်းတိုင်ထွန်း ဆုတောင်းနေသူများကိုလည်း တွေ့ ရပါတယ်။ လူလူချင်း စာနာထောက်ထားမှုဖြင့် မြန်မာ့အရေးအတွက် ၀င် ရောက်ပူးပေါင်းဆန္ဒပြနေသော မြန်မာနိုင်ငံသားမဟုတ်သူ အများအပြားကိုလည်း တွေ့ ရပါတယ်။ အတိအကျ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံအရေး အတွက် အယ်အေသမိုင်းမှာ လူအများဆုံးတက်ရောက်ခဲ့တဲ့ ဆန္ဒပြပွဲတခု ဖြစ်ပါတယ်။ လူများလွန်းအားကြီးလို့ ခန့် မှန်းရတာခက်နေပြီး လူပေါင်း ၅၀၀ အထက်တက်ရောက်ခဲ့တယ်လို့ အကြမ်းဖျဉ်းခန့် မှန်း မိပါတယ်။

ဒီဆန္ဒပြပွဲကို အဖွဲ့ ပေါင်းစုံက ထူးခြားတိုက်ဆိုင်စွာ စီစဉ်ခဲ့တာဖြစ်ပါတယ်။ LA Organizers များက ဒီပွဲကို ဒီနေရာမှာလုပ်ဖို့ ကြိုပြီးပြင်ဆင်ထားတာကြာပါပြီ။ အဲဒီ့အချိန်နောက်ပိုင်းမှာ အချို့ အဖွဲ့ မှ သူများကလည်း ဒီအချိန်၊ ဒီနေရာကိုပဲ သူတို့ ရဲ့ ဆန္ဒပြပွဲ အချိန်၊ နေရာအဖြစ်သတ်မှတ်ခဲ့ကြတာမို့  လူပေါင်းစုံညီစွာ စုစည်း သွားမိတဲ့ ပွဲလေးတပွဲဖြစ်သွားပါတယ်။ အဖွဲ့ အသီးသီးမှ ဖြစ်သော်ငြားလည်း ညီညွတ်စွာ၊ စည်းကမ်းရှိစွာဖြင့် ဒီဆန္ဒပြပွဲကို အောင်မြင်စွာ ပြီးဆုံးစေခဲ့ပါတယ်။

နောက်ထပ်ဒီလိုဆန္ဒပြပွဲတခုကို ရှေ့ အပတ် အောက်တိုဘာလ ၁၂ ရက်၊ သောင်္ကြာနေ့  နေ့ လည် ၂ နာရီမှ ၄ နာရီအထိ အယ်အေမြို တရုတ်ကောင်စစ်ဝန်ရုံးရှေ့ မှာ ပြုလုပ်မယ်လို့ သိရပါတယ်။ တရုတ်ဟာ မြန်မာပြည် အရေးကိုင်တွယ်ရာမှာ အခြားလုံခြုံရေးကောင်စီဝင်နိုင်ငံများလို အမှန်တရားဖက်မှ မရပ်တည်၊ မပြတ်သားဘဲ စစ်အစိုးရဖက်က အမြဲကာကွယ်နေတာမို့  တရုတ်ကောင်စစ်ဝင်ရုံးကို ပစ်မှတ်အဖြစ်ထားကာ ဆန္ဒပြရချင်း ဖြစ် ကြောင်း သိရပါတယ်။

ကဲ အယ်အေကမြန်မာများ ဒီထက်ရှေ့ မှာ ပိုပြီး ညီညွတ်နိုင်ပါစေ၊ အတိဒုက္ခရောက်နေသော အမိ မြန်မာ

ပြည်သူပြည်သားများကို ဒီ့ထက်ပို၍ စိတ်ဓါတ်ပိုင်းအရ၊ ငွေအားအရ...ကူညီနိုင်ပါစေလို့ ဆုတောင်းရင်း

Monday, October 1, 2007

အယ်လ်အေမှ ဘာသာပေါင်းစုံ ဆုတောင်းပွဲ (သို့) အနီရောင်လှုပ်ရှားမှု
















စက်တင်ဘာ ၃၀ ရက်၊ Monterey Park, California

မြန်မာပြည်တွင်း၌ စစ်အစိုးရ၏ ရက်စက်မှုကြောင့် ပျံလွန်တော်မူသွားသော ရဟန်း သံဃာတော်များ၊ သေဆုံး သွားသော ပြည်သူပြည်သားများ အတွက် လည်းကောင်း၊ အမိ မြန်မာပြည် ငြိမ်းချမ်းစေရန် အတွက် လည်းကောင်း ရည်စူး၍ ဘာသာပေါင်းစုံ ဆုတောင်းပွဲ တခုကို Monterey Park ရှိ Barnes ပန်းခြံတွင် ပြုလုပ်ခဲ့ပါသည်။ အခမ်း အနားသို့  အယ်အေရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းပေါင်းစုံမှ ဆရာတော် ၁၂ ပါး စုံညီစွာ ကြွရောက်၍ ဆုတောင်းမေတ္တာ ပေးပို့ ခဲ့ကြသည်။

အစီအစဉ်အစပိုင်းကို မြန်မာနိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ တက်ရောက်လာ သူများက “ကမ္ဘာ မကြေ...ဗမာပြည်...ဒါဒို့ ပြည် ဒါဒို့ မြေ...” စသဖြင့် ခံစားချက် ရှိစွာဖြင့် သံပြိုင်သီဆိုခဲ့ကြသည်။ ၎င်းနောက် ဆရာတော် ဦးကုနိသာရ က ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပရခြင်းအကြောင်း အမှာစကား ပြောကြား သည်။ ၎င်းနောက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက စတင်၍ မြန်မာပြည်သူပြည်သားများအတွက် ဗုဒ္ဓဘာသာ ထုံးစံအတိုင်း မေတ္တာပို့ ဆုတောင်းပေးကြသည်။ ၎င်းနောက် ခရစ်ယာန် ဘာသာဝင်များ ကိုယ်စား သိက္ခာရ ဆရာ ဦးသန်းဦးက ခရစ်ယန်ထုံးစံအတိုင်း ဆုတောင်းပေးသည်။ အစ္စလာမ် ဘာသာဝင်များ ကိုယ်စား မာမွတ်ဆင်ဂျီ (ခေါ်) ဦးမိုးတင်မှ အစ္စလာမ်ထုံးစံအတိုင်း ဆုတောင်းပေးသည်။ ကြားဖြတ်အစီအစဉ်အရ NLD အင်္ဂပူ လွှတ်တော်ကိုယ်စားလှယ် ဦးမြ၀င်း၊ မြန်မာ့အရေးလှုတ်ရှားသူ ဒေါ်လူဝီဇာ ဘင်ဆင်တို့ က အသီးသီး လက်ရှိ အခြေအနေများ အကြောင်းကို ဝေဖန်သုံးသပ်ဆွေးနွေး သွားခဲ့ကြသည်။ ထို့ နောက် နိုင်မြန်မာ ရေးစပ်သော “ကမ္ဘာမကြေဘူး” သီချင်းကို အခမ်းအနားတက် ရောက်လာသူများက သံပြိုင်သီဆိုခဲ့ကြသည်။ နောက်ဆုံး အစီအစဉ်အရ မြန်မာပြည်တွင်း၌ ပျံလွန်တော်မူသွားသော ရဟန်းသံဃာများနှင့် သေဆုံးသွားသော ပြည်သူများကို ရည်စူး၍ ရေစက်ချ အမျှပေးဝေခဲ့သည်။

ဘာသာပေါင်းစုံ ဆုတောင်းပွဲသို့ အယ်အေရှိ မြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံ၏ မိတ်ဆွေများ၊ တက္ကသိုလ် အသီးသီးက မြန်မာနှင့် နိုင်ငံခြား ကျောင်းသူ ကျောင်းသားများ စုစုပေါင်း ၅၀၀ ကျော် တခဲနက် တက်ရောက် ခဲ့ကြသည်။ အခမ်းအနားသို့ အယ်အေရှိ TV Media များက လာရောက် သတင်းယူသွားခဲ့သည်။ အမိမြန်မာ ပြည်တွင်း၌ ကျဆုံးသွားသောသူရဲကောင်းများကို ဂုဏ်ပြုသည့် အနေဖြင့်လည်းကောင်း၊ ဆက်လက်၍ ငြိမ်း ချမ်းစွာ ဆန္ဒပြနေသူများအား ထောက်ခံသည့်အနေဖြင့်လည်းကောင်း၊ အခမ်းအနားတက်ရောက်သူများက အနီရောင် တီရှပ်၊ အင်္ကျီများအား ဂုဏ်ပြု ၀တ်ဆင်ထားကြသဖြင့် အခမ်းအနားကျင်းပရာ Picnic Area Hall တခုလုံး အနီရောင် လွှမ်းသွားခဲ့သည်။ တက်ရောက်လာကြသော ဘုန်းတော်ကြီးများ၏ ဆိုဆုံးမ အကြံပေးမှုဖြင့် ပြည်တွင်းရှိ ဒုက္ခရောက် သံဃာများနှင့် ပြည်သူပြည်သားများ အတွက် ရန်ပုံငွေကောက်ခံရာ LA Organizers များ ရောင်းချခဲ့သော တီရှပ်အမြတ်ငွေများ အပါအ၀င် မိနစ်အနည်းငယ်အတွင်း စုစုပေါင်း အမေရိကန် $ 6,737 နှင့် စင်္ကာပူ $ 42 ကောက်ခံရရှိခဲ့သည်။*

နိုင်ငံရပ်ခြား ရောက်ရှိနေသော်ငြားလည်း မြန်မာပြည်အား မမေ့၊ အရေးကြီးသဖြင့် သွေးနီးကြသော အယ်အေရှိ မြန်မာများက ယခုကဲ့သို့  အသိတရားရှိရှိ... အခမ်းအနားသို့  တက်ရောက်ဆုတောင်း၊ ရန်ပုံငွေ ထဲ့လှူခဲ့သဖြင့် ဆုတောင်းပွဲ အခမ်းအနားမှာ ထင်ထားသည်ထက် အောင်မြင်ခဲ့သည်... အယ်အေ၏ စည်းလုံးညီညွတ်မှုကို လည်း အတိုင်းအတာတခုထိ ပြသခဲ့သည်...ဟု အခမ်းအနား စီစဉ်သူများက ၀မ်းမြောက်ကြည်နူးစွာ ပြောဆို သွားခဲ့ကြသည်။
*ကောက်ခံရရှိငွေ အမေရိကန် $6763.20 ကို မိုးမခ၏ “မြန်မာပြည် ဒီမိုကရေစီရေး ကူညီမှု ရန်ပုံငွေ” သို့ လွဲပြောင်းပေးခဲ့သည်။