Monday, August 10, 2009

Los Angeles၂၁ နှစ်မြောက် ၈လေးလုံး အထိမ်းအမှတ် အခမ်းအနား


၂၁ နှစ်မြောက် ၈လေးလုံး ပြည်သူ့ အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားကို အယ်အေမြို့ လပွန်းတီ အရပ်ရှိ မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ကျင်းပခဲ့ရာ စိတ်ဝင်စားသူများ အများအပြား တက်ရောက်ခဲ့ ကြပါသည်။


ပထမပိုင်း အစီအစဉ်အရ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်များက ၈ လေးလုံးအရေးတော်ပုံနှင့် ဒီမိုကရေစီ ကြိုးပမ်းသည့်ကာလအတွင်း အသက်ပေးကြသွားခဲ့သော အာဇာနည်များအား အမျှပေးဝေ ဆုတောင်းခြင်းကို ဗုဒ္ဓဘာသာ ထုံးစံအတိုင်းပြုလုပ်ပေးပါသည်။


ဆရာတော်ကြီးများအား နေ့ ဆွမ်းကပ်လှုပြီးနောက် အခမ်းအနားသို့ တက်ရောက် လာကြသော ဧည့်သည်များ အား နေ့ လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။


ထို့ နောက် ၈လေးလုံး အထိမ်းအမှတ် အခမ်းအနား အဖွင့်စကားကို LA Organizers အဖွဲ့ မှ ကိုပြေငြိမ်းက ပြောကြားခဲ့ပါသည်။


မြန်မာပြည် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးများ ရရှိအောင် ကြိုးပမ်းခဲ့ကြသော တိုက်ပွဲများအတွင်း ကျဆုံးသွားခဲ့ကြသော အာဇာနည် သူရဲကောင်းများအား ဂုဏ်ပြုသည့်အနေဖြင့် တမိနစ်ငြိမ် ဂုဏ်ပြုငြိမ်သက်ပေးကြပါသည်။ ထို့ နောက်နိုင်ငံတော်သီချင်းကို သံပြိုင် သီဆိုခဲ့ကြပါသည်။


ခရစ်ယန်ဘာသာဖြင့် ဆုတောင်းခြင်းကို သိက္ခာတော်ရ တရားဟောဆရာ ဆရာဒေးဗစ်ပေါ က ခရစ်ယန် ဘာသာထုံးစံအတိုင်း ဆုတောင်းပေးပါသည်။


ထို့ နောက် အစ္စလမ်ဘာသာဝင် ကိုမျိုးမြင့်အောင် ၈ လေးလုံးအတွေ့ အကြုံနှင့်ဘာသာရေးခွဲခြား နှိပ်ကွပ်မှု အကြောင်းကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။


၈ လေးလုံးနေ့  ရန်ကုန်မြို့ အတွေ့ အကြုံ၊ စက်တင်ဘာ ၁၉ အာဏာသိမ်း ပစ်ခတ်မှုနှင့် ၈၈ မျိုးဆက် ကျောင်းသားများအကြောင်းကို ကိုသူရ ကတင်ပြဆွေးနွေးခဲ့သည်။


ထို့ နောက် ကိုဖုန်းရောင်ဦးက ၈လေးလုံးည အပြစ်မဲ့ကျောင်းသူပြည်သူများ သွေးမြေခခဲ့ရပုံ ကိုယ်တွေ့ ဖြစ်ရပ်ကို ပြန်ပြောင်းပြောပြခဲ့သည်။



ထို့ နောက် ကိုမင်းကိုနိုင်ရဲ့ သစ္စာကဗျာကို ကိုမိုးကျော်ပြည်စိုးက ဖတ်ကြားပြီး ကိုမင်းကိုနိုင်ရေးစပ်ပြီး ကိုမွန်းအောင်သီဆိုသော သွေးမုန်တိုင်းသီချင်းကို ဖွင့်လှစ်ဂုဏ်ပြုပါသည်။


ထို့  နောက် တက်ရောက်လာသူများအား အခမ်းအနားစီစဉ်သူများကိုယ်စား ကျေးဇူးတင်စကားကို L.A. Organizers အဖွဲ့ မှ ကိုမော်ကြီးက ပြောဆိုပေးပါသည်။


အခမ်းအနားသို့ တက်ရောက်လာသူများ အမှတ်တရ


အယ်အေရှိ လက်ရှိကျောင်းတက်နေသော မျိုးဆက်သစ်ကျောင်းသားများနှင့်
၈၈ မျိုးဆက်ကျောင်းသား များအမှတ်တရ


ဓါတ်ပုံ။ ။ ကိုမျိုး (L.A. Organizers 4 Burma)

Sunday, June 21, 2009

ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်မြောက် မွေးနေ့ပွဲ အယ်လ်အေတွင် ကျင်းပ












မြန်မာပြည်သူလူထု အားလုံး၏ လူထုခေါင်းဆောင် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၀၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၆၄ နှစ်မြောက် မွေးနေ့ အတွက် အထိမ်း အမှတ်ပြု ဆုတောင်းသည့် အနေဖြင့် မွေးနေ့ အခမ်းအနား တခုကို La Puente မြို့ 710 S Grandview Lane ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း၌ LA Organizers 4 Burma အဖွဲ့က ဦးစီးကာ ၂၀၀၉ ခုနှစ် ဇွန်လ ၂၁ ရက် တနင်္ဂနွေနေ့တွင် မနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ ပါသည်။










အဆိုပါ အခမ်းအနားကို LA နှင့် အနီးတ၀ိုက်ရှိ မြို့များမှ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ကြည်ညို လေးစားကြသော မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ၄င်းတို့၏ မိသားစုဝင်များ အတူတကွ လာရောက်ကာ ဆုမွန်ကောင်းများ တောင်းခဲ့ကြသည်။ ထို့အပြင် ဆန်ဖရန်စစ္စကို Bay Area မှ မြန်မာ့အရေး တက်ကြွစွာ လှုပ်ရှားနေကြသူများကလည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

























အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်း တရားနာခြင်းနှင့် စတင်ခဲ့ ပါသည်။ ဆုတောင်း တရားနာ အပြီးတွင် LA Organizers 4 Burma မိသားစုဝင်များနှင့် အခြား အလှူရှင်များက အခမ်းအနားသို့ တက်ရောက်လာသူများကို နေ့လည်စာဖြင့် ဧည့်ခံခဲ့ပါသည်။



























နေ့လည်စာ စားအပြီးတွင် ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့ ကိတ်ကို ခွဲခဲ့ပြီး မွေးနေ့ သီချင်းကို တက်ရောက်လာသူများ အားလုံးက အတူတကွ သီဆိုခဲ့ကြ ပါသည်။

ထို့နောက် နိုင်ငံတော် သီချင်းကို အတူတကွ သီဆိုကြပြီး ဒီမိုကရေစီ တိုက်ပွဲစဉ် တလျောက် လုံးတွင် အသက် စွန့်လှူ သွားခဲ့ကြသော ရဟန်း ရှင်လူ အာဇာနည် ပြည်သူ အပေါင်းအား ဦးညွတ် အလေးပြုသည့် အနေဖြင့် တမိနစ် ငြိမ်သက် ခဲ့ကြပါသည်။

ထို့နောက် မွေးနေ့အခမ်းအနားသို့ ဆန်ဖရန်စစ္စကို Bay Area မှ ရောက်ရှိ တက်ရောက်လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ဗဟိုမှ ကိုပန်းသီးအား၎င်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဒီပဲယင်း ခရီးစဉ်တွင် အနီးကပ် လုံခြုံရေး တာဝန်ယူခဲ့သူ ကိုတိုးလွင်အား၎င်း LA Organizers 4 Burma အဖွဲ့မှ ကိုကျော်ဌေးဦးက အခမ်းအနားသို့ တက်ရောက် လာသူများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ် တာဝန်ထမ်းဆောင်ခဲ့သော ကိုပန်းသီးက ဒေါ်အောင်ဆန်း စုကြည်နှင့် ပတ်သက်ပြီး သူတွေ့ကြုံခဲ့ရသော လေးစားအားကျဖွယ်ရာ၊ အတုယူဖွယ်ရာ အချက်များကို ကိုယ်တွေ့ အဖြစ်အပျက်များနှင့် ရှင်းလင်း ပြောပြခဲ့ပါသည်။













ထို့နောက် ဒေါ်အောင်ဆန်းစုကြည်၏ ဒီပဲယင်း ခရီးစဉ်တွင် အနီးကပ် လုံခြုံရေး တာဝန်ယူခဲ့ရသူ ကိုတိုးလွင်က ဒီပဲယင်း အနီး ကျီရွာတွင် အသက် အန္တရာယ် ကျရောက်နိုင်သည့် အခြေအနေကို ရှိနေမှန်းသိလျက်နှင့် မိမိ၏ အသက်ကို မငဲ့ပဲ ရှေ့ဆက် ထွက်ခွာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ရဲရင့်မှုနှင့် ပြတ်သားမှုတို့ကို အခမ်းအနားသို့ တက်ရောက်လာသူများကို ရှင်းလင်း ပြောပြခဲ့ပါသည်။













ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ကိုပန်းသီးနှင့် ကိုတိုးလွင်တို့၏ ၄င်းတို့ ကြုံတွေ့ သိမြင်ခဲ့ရသော အတွေ့အကြုံများကို ရှင်းလင်း ပြောဆိုမှု ပြီးသည့်အခါ တက်ရောက် လာသော ဧည့်ပရိတ်သတ်များထဲမှ ဒေါက်တာအောင်ခင်က ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြု ကဗျာ တပုဒ်ကို ရွတ်ဆိုခဲ့ပါသည်။













ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အမေးအဖြေ ကဏ္ဍကို စတင်ခဲ့ ပါသည်။ ပရိတ်သတ်များက သိရှိလိုသည့် မေးခွန်းများကို တဦးချင်း မေးမြန်းခဲ့ ကြပြီး ကိုပန်းသီးနှင့် ကိုတိုးလွင်တို့က မေးခွန်းများကို တလှည့်စီ ပြန်လည် ဖြေကြားသွားခဲ့ပါသည်။

ထို့အတူ ၁၉၆၆ ခုနှစ်က ရှေ့နေတဦး ဖြစ်ခဲ့ဖူးသူ ဦးဖရန့်သောင်းဦးက တရား စီရင်ရေးနှင့် ပတ်သက်သည့် ကိုယ်တွေ့များအား၎င်း၊













ဒေါ်စောမြတ်မာက ၁၉၈၉ ခုနှစ် အာဇာနည်နေ့ အခမ်းအနားတွင် လူပေါင်းများစွာ၏ အသက်များကို ကယ်တင်ရန် ကြိုးစားခဲ့သည့် ဒေါ်အေင်ဆန်းစုကြည်၏ လုပ်ဆောင်ချက် များကို၎င်း ရှင်းလင်း ပြောကြားခဲ့ကြပါသည်။













ထို့နောက် အချုပ်အနှောင် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်ရေးကို ရည်ရွယ်ပြီး မိုးပျံပူဖေါင်း ၆၄ လုံးကို အခမ်းအနား တက်ရောက် လာသူများက စုပေါင်း လွှတ်တင်ခဲ့ကြပါသည်။



























ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ အခမ်းအနားကို နေ့လည် ၂ နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။





















Photo Credit: Maung Myo Naing

Friday, June 19, 2009

မိခင်ထံမှမေတ္တာတောင်းခန်း













မိခင်ရဲ့
နှောင်ကြိုးကို ဖြေခဲ့၊
သည်းစွာသော အနာကို
ကုသခဲ့၊
သမီးရဲ့
လုံ့ လ ၀ီရိယ ဉာဏ်နဲ့ 
နာလန်ထူစေခဲ့။

ကျေးဇူးကို မသိတတ်သော
ထိုထိုသော သူတို့ အား
သိနားလည်အောင်၊ ဆွဲဆောင်နိုင်စွမ်း
သမီးအား ရဲရဲ ကမ်းလင့်ပါ။

ဘေးရန်ကာဆီး
သမီး ထီမည်မဟုတ်
ပတ္တမြားတူစွ ဟုတ္တာ။

တဘ၀ တခါ
သေရမည်ဖြစ်၊ သို့ ဖြစ်ငြားလည်း
အဘယ်နည်းနှင့်၊ သေခွင့်ရခိုက်
ချစ်သမီး၌ မခံစား
တရားအမှန် မှတ်ရန်သာ။

သမီးစိတ်အတွေး
အကယ်အဖြစ် ကူးပြောင်းခဲ့လျှင်
ပြည်သူတို့ လည်း ပျော်ရွှင်ကြအံ့။

အခြား အခြားသော
သူတို့ ရဲ့
ရှုံ့ချခြင်း၊ ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း၊ နာမည်ဖျက်ခြင်း
အလျဉ်း သမီး ဂရုမပြု
မုဒိတာတရား၊ လက်ကိုင်ထားပါမည်။

မိခင်ထံမှ
ဒါမှ ငါ့သမီး
ကောင်းချီးကျူးရင့်၊ မေတ္တာလွင့်ပျံ
တေးသံသာကို၊ နားဆင်လိုပါသည်။

မိခင်ကျေးဇူး
စိန္တေထူးကို၊ အဦးရဆုံး
အသိရဆုံး၊ လုံးလုံးဖြစ်ရပါလို၏။

(ဒေါ်အောင်ဆန်းစုကြည်၏ “ဒါမှ ငါ့သမီး” ကဗျာအား ခံစားမျှဝေမှု)

မောင်လွမ်းဏီ
၁၆-၆-၀၉