Monday, October 1, 2007

အယ်လ်အေမှ ဘာသာပေါင်းစုံ ဆုတောင်းပွဲ (သို့) အနီရောင်လှုပ်ရှားမှု
















စက်တင်ဘာ ၃၀ ရက်၊ Monterey Park, California

မြန်မာပြည်တွင်း၌ စစ်အစိုးရ၏ ရက်စက်မှုကြောင့် ပျံလွန်တော်မူသွားသော ရဟန်း သံဃာတော်များ၊ သေဆုံး သွားသော ပြည်သူပြည်သားများ အတွက် လည်းကောင်း၊ အမိ မြန်မာပြည် ငြိမ်းချမ်းစေရန် အတွက် လည်းကောင်း ရည်စူး၍ ဘာသာပေါင်းစုံ ဆုတောင်းပွဲ တခုကို Monterey Park ရှိ Barnes ပန်းခြံတွင် ပြုလုပ်ခဲ့ပါသည်။ အခမ်း အနားသို့  အယ်အေရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းပေါင်းစုံမှ ဆရာတော် ၁၂ ပါး စုံညီစွာ ကြွရောက်၍ ဆုတောင်းမေတ္တာ ပေးပို့ ခဲ့ကြသည်။

အစီအစဉ်အစပိုင်းကို မြန်မာနိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ တက်ရောက်လာ သူများက “ကမ္ဘာ မကြေ...ဗမာပြည်...ဒါဒို့ ပြည် ဒါဒို့ မြေ...” စသဖြင့် ခံစားချက် ရှိစွာဖြင့် သံပြိုင်သီဆိုခဲ့ကြသည်။ ၎င်းနောက် ဆရာတော် ဦးကုနိသာရ က ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပရခြင်းအကြောင်း အမှာစကား ပြောကြား သည်။ ၎င်းနောက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက စတင်၍ မြန်မာပြည်သူပြည်သားများအတွက် ဗုဒ္ဓဘာသာ ထုံးစံအတိုင်း မေတ္တာပို့ ဆုတောင်းပေးကြသည်။ ၎င်းနောက် ခရစ်ယာန် ဘာသာဝင်များ ကိုယ်စား သိက္ခာရ ဆရာ ဦးသန်းဦးက ခရစ်ယန်ထုံးစံအတိုင်း ဆုတောင်းပေးသည်။ အစ္စလာမ် ဘာသာဝင်များ ကိုယ်စား မာမွတ်ဆင်ဂျီ (ခေါ်) ဦးမိုးတင်မှ အစ္စလာမ်ထုံးစံအတိုင်း ဆုတောင်းပေးသည်။ ကြားဖြတ်အစီအစဉ်အရ NLD အင်္ဂပူ လွှတ်တော်ကိုယ်စားလှယ် ဦးမြ၀င်း၊ မြန်မာ့အရေးလှုတ်ရှားသူ ဒေါ်လူဝီဇာ ဘင်ဆင်တို့ က အသီးသီး လက်ရှိ အခြေအနေများ အကြောင်းကို ဝေဖန်သုံးသပ်ဆွေးနွေး သွားခဲ့ကြသည်။ ထို့ နောက် နိုင်မြန်မာ ရေးစပ်သော “ကမ္ဘာမကြေဘူး” သီချင်းကို အခမ်းအနားတက် ရောက်လာသူများက သံပြိုင်သီဆိုခဲ့ကြသည်။ နောက်ဆုံး အစီအစဉ်အရ မြန်မာပြည်တွင်း၌ ပျံလွန်တော်မူသွားသော ရဟန်းသံဃာများနှင့် သေဆုံးသွားသော ပြည်သူများကို ရည်စူး၍ ရေစက်ချ အမျှပေးဝေခဲ့သည်။

ဘာသာပေါင်းစုံ ဆုတောင်းပွဲသို့ အယ်အေရှိ မြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံ၏ မိတ်ဆွေများ၊ တက္ကသိုလ် အသီးသီးက မြန်မာနှင့် နိုင်ငံခြား ကျောင်းသူ ကျောင်းသားများ စုစုပေါင်း ၅၀၀ ကျော် တခဲနက် တက်ရောက် ခဲ့ကြသည်။ အခမ်းအနားသို့ အယ်အေရှိ TV Media များက လာရောက် သတင်းယူသွားခဲ့သည်။ အမိမြန်မာ ပြည်တွင်း၌ ကျဆုံးသွားသောသူရဲကောင်းများကို ဂုဏ်ပြုသည့် အနေဖြင့်လည်းကောင်း၊ ဆက်လက်၍ ငြိမ်း ချမ်းစွာ ဆန္ဒပြနေသူများအား ထောက်ခံသည့်အနေဖြင့်လည်းကောင်း၊ အခမ်းအနားတက်ရောက်သူများက အနီရောင် တီရှပ်၊ အင်္ကျီများအား ဂုဏ်ပြု ၀တ်ဆင်ထားကြသဖြင့် အခမ်းအနားကျင်းပရာ Picnic Area Hall တခုလုံး အနီရောင် လွှမ်းသွားခဲ့သည်။ တက်ရောက်လာကြသော ဘုန်းတော်ကြီးများ၏ ဆိုဆုံးမ အကြံပေးမှုဖြင့် ပြည်တွင်းရှိ ဒုက္ခရောက် သံဃာများနှင့် ပြည်သူပြည်သားများ အတွက် ရန်ပုံငွေကောက်ခံရာ LA Organizers များ ရောင်းချခဲ့သော တီရှပ်အမြတ်ငွေများ အပါအ၀င် မိနစ်အနည်းငယ်အတွင်း စုစုပေါင်း အမေရိကန် $ 6,737 နှင့် စင်္ကာပူ $ 42 ကောက်ခံရရှိခဲ့သည်။*

နိုင်ငံရပ်ခြား ရောက်ရှိနေသော်ငြားလည်း မြန်မာပြည်အား မမေ့၊ အရေးကြီးသဖြင့် သွေးနီးကြသော အယ်အေရှိ မြန်မာများက ယခုကဲ့သို့  အသိတရားရှိရှိ... အခမ်းအနားသို့  တက်ရောက်ဆုတောင်း၊ ရန်ပုံငွေ ထဲ့လှူခဲ့သဖြင့် ဆုတောင်းပွဲ အခမ်းအနားမှာ ထင်ထားသည်ထက် အောင်မြင်ခဲ့သည်... အယ်အေ၏ စည်းလုံးညီညွတ်မှုကို လည်း အတိုင်းအတာတခုထိ ပြသခဲ့သည်...ဟု အခမ်းအနား စီစဉ်သူများက ၀မ်းမြောက်ကြည်နူးစွာ ပြောဆို သွားခဲ့ကြသည်။
*ကောက်ခံရရှိငွေ အမေရိကန် $6763.20 ကို မိုးမခ၏ “မြန်မာပြည် ဒီမိုကရေစီရေး ကူညီမှု ရန်ပုံငွေ” သို့ လွဲပြောင်းပေးခဲ့သည်။

No comments:

Post a Comment